Skip to content

သွားနှုတ်ခြင်း

discussion

သင့်သွားကို ဘာကြောင့် နှုတ်ပစ်ဖို့ လိုအပ်တာလဲ။


  • သွားပိုးစားခြင်း အလွန်ဆိုးရွားပြီး သွားဆရာဝန်မှ ပြန်လည်ကယ်တင်ကုသပေးရန် မဖြစ်နိုင်တော့သည့် အခြေအနေ။
  • ပြင်းထန်သော သွားဖုံးရောဂါ ဖြစ်ပွားခြင်း။
  • သွားနှင့် မေးရိုးညှိကုသခြင်း (Orthodontics) ကဲ့သို့သော အခြား သွားဘက်ဆိုင်ရာ ကုသမှုများ ပြုလုပ်ရန်အတွက် သွား၏ တည်နေရာအနေအထား မသင့်တော်ခြင်း။
  • အောက်ခြေမှ အသစ်ထွက်လာမည့် သွားအတွက် နေရာရရှိစေရန် သွားနှုတ်ပေးရခြင်း။

ကုသမှုလုပ်ငန်းစဉ်

  • သွားနှုတ်ရန် လိုအပ်ခြင်း ရှိ/မရှိ စစ်ဆေးဆုံးဖြတ်နိုင်ရန် သွားဘက်ဆိုင်ရာ ဆရာဝန်နှင့် ဦးစွာ ပြသတိုင်ပင်ပါ။
  • တိကျသော ရောဂါရှာဖွေမှုအတွက် အချို့သော အခြေအနေများတွင် သွားဓာတ်မှန် (X-rays) ရိုက်ကူးရန် လိုအပ်နိုင်ပါသည်။
  • ဆရာဝန်အနေဖြင့် လူနာ၏ ကျန်းမာရေးရာဇဝင်များဖြစ်သည့် မွေးရာပါရောဂါအခံ ရှိ/မရှိ၊ ဆေးမတည့်ခြင်း သို့မဟုတ် အစားအသောက် ဓာတ်မတည့်ခြင်း ရှိ/မရှိနှင့် ပုံမှန်သောက်သုံးနေရသော ဆေးဝါးများ ရှိ/မရှိ စသည့် အချက်အလက်များကို မေးမြန်းမှတ်တမ်းတင်ရန် လိုအပ်ပါသည်။
  • သွားနှုတ်မည့်နေရာကို ပြင်ဆင်ခြင်း - ကုသမှုပြုလုပ်နေစဉ် နာကျင်မှုမရှိစေရန်အတွက် ဆရာဝန်မှ ထုံဆေးထိုးပေးပါမည်။
  • ထုံဆေးထိရောက်မှုရှိလာပါက သွားဆရာဝန်မှ သွားစတင်နှုတ်ပေးပါမည်။
  • ကုသမှုအပြီးတွင် သွားနှုတ်ထားသော ဒဏ်ရာအနာကျက်စေရန်နှင့် အနာထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သော ဆောင်ရန်/ရှောင်ရန် လမ်းညွှန်ချက်များကို ဆရာဝန်မှ အသေးစိတ် ရှင်းပြပေးပါမည်။

သွားနှုတ်ပြီးနောက် လိုက်နာရမည့် လမ်းညွှန်ချက်များနှင့် ဆောင်ရန်/ရှောင်ရန်များ

  • သွေးစိုရွှဲသွားသည်အထိ ဂွမ်းစိပ် (Gauze) ကို မိနစ် ၃၀ မှ ၄၅ မိနစ်ခန့် ညင်သာစွာ ကိုက်ထားပေးပါ၊ ထို့နောက် သွေးထွက်သိသိသာသာ လျော့ပါးသွားခြင်း သို့မဟုတ် သွေးတိတ်သွားသည်အထိ ဂွမ်းအသစ်တစ်ခုဖြင့် လဲလှယ်ကိုက်ထားပေးပါ။
  • ပလုတ်ကျင်းခြင်းနှင့် ရေခဲတုံးဖြင့် ဒဏ်ရာပေါ် တိုက်ရိုက်ကပ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။ အအေးကပ်လိုပါက ပါးပြင်အပြင်ဘက်မှနေ၍ ရေခဲအိတ် (သို့မဟုတ်) အအေးဂျယ်လ်အိတ်ဖြင့်သာ ကပ်ပေးပါ။
  • အရက်သေစာ သောက်စားခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့ကို ရှောင်ကြဉ်ပါ။
  • သွားနှုတ်ပြီး ပထမရက်အနည်းငယ်အတွင်း စပ်လွန်းသော အစားအစာများ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။
  • သွားနှုတ်ထားသောနေရာကို ပုံမှန်အတိုင်း သန့်ရှင်းရေး ပြုလုပ်နိုင်ပါသည်။ သွားတိုက်နိုင်သော်လည်း သွားနှုတ်ထားသည့် နေရာကိုမူ အထူးသတိထား၍ ညင်သာစွာ တိုက်ပေးရပါမည်။
  • အယ်လ်ကိုဟော (Alcohol) မပါဝင်သော ပလုတ်ကျင်းဆေးရည်ကို အသုံးပြုနိုင်သော်လည်း သွားနှုတ်ပြီးနောက် အနည်းဆုံး ၆ နာရီ ကြာမြင့်ပြီးမှသာ အသုံးပြုခွင့်ရှိပါမည်။
  • မခံမရပ်နိုင်အောင် သွားကိုက်ခဲနာကျင်မှုရှိပါက သွားဆရာဝန် ညွှန်ကြားထားသည့်အတိုင်း အကိုက်အခဲပျောက်ဆေးကို သောက်သုံးပါ။
  • ပုံမှန်အားဖြင့် ကုသမှုခံယူပြီးသည်နှင့် ဆေးခန်းမှ ချက်ချင်း အိမ်သို့ ပြန်နိုင်ပါသည်။ ဒဏ်ရာသည် တဖြည်းဖြည်း ပြန်လည်ကျက်သွားမည်ဖြစ်ပြီး အများအားဖြင့် ၇ ရက်အတွင်း သက်သာပျောက်ကင်းသွားလေ့ရှိပါသည်။

သွားဆုံးရှုံးရခြင်း၏ ဆိုးကျိုးသက်ရောက်မှုများ (THE IMPACT OF TOOTH LOSS)

သွားတစ်ချောင်း သို့မဟုတ် တစ်ချောင်းထက်ပို၍ ဆုံးရှုံးရခြင်းသည် ခံတွင်းတစ်ခုလုံး၏ ကျန်းမာရေးကို ကံမကောင်းစွာဖြင့် ထိခိုက်စေနိုင်ပါသည်။ သွားနှုတ်လိုက်ရခြင်းကြောင့် ဖြစ်ပေါ်လာသော သွားကြားဟာကွက်များသည် အချိန်ကြာလာသည်နှင့်အမျှ ကျန်ရှိနေသော သွားများ၏ ညီညာမှုနှင့် တည်နေရာကို ပြောင်းလဲရွေ့လျားသွားစေပြီး အစာဝါးခြင်းကဲ့သို့သော သွား၏ ပုံမှန်လုပ်ငန်းဆောင်တာများကို ယိုယွင်းပျက်စီးစေသည့်အပြင် မျက်နှာသွင်ပြင်ပုံစံကိုပါ ပုံပျက်ပြောင်းလဲစေနိုင်ပါသည်။

ဆုံးရှုံးသွားသော သဘာဝသွားနေရာတွင် အစားထိုးကုသနိုင်သည့် အသုံးအများဆုံး နည်းလမ်း (၂) မျိုးမှာ -

  • သွားစိုက်ခြင်း (Dental Implants)
  • သွားဆက်စိုက်ခြင်း/တံတားထိုးခြင်း (Dental Bridges)
image

FAQ : Tooth Extraction

မေး - သွားကို အဘယ်ကြောင့် နှုတ်ပစ်ရန် လိုအပ်သနည်း။

ဖြေ - သွားဆရာဝန်များအနေဖြင့် သဘာဝသွားကို တတ်နိုင်သမျှ မနှုတ်ဘဲ ထိန်းသိမ်းကုသပေးရန် အမြဲဦးစားပေးလေ့ရှိသော်လည်း သွားကို ပြန်လည်ကယ်တင်ရန် မဖြစ်နိုင်တော့သည့်အခါ

သို့မဟုတ် အခြားကုသမှုများအတွက် လိုအပ်သည့်အခါများတွင်သာ သွားနှုတ်ခြင်းကို နောက်ဆုံးရွေးချယ်မှုအဖြစ် ဆောင်ရွက်ပေးလေ့ရှိပါသည်။

  • သွားနှင့် သွားဖုံးများ ပြင်းထန်စွာ ပိုးဝင်ရောင်ရမ်းနေခြင်း
  • ပိုးဝင်ရောက်ပျံ့နှံ့နိုင်ခြေ မြင့်မားနေခြင်း
  • သွားနှင့် မေးရိုးညှိကုသခြင်းကဲ့သို့သော အခြားကုသမှုများ ပြုလုပ်ရန် နေရာရရှိစေရန် ကြိုတင်ပြင်ဆင်ခြင်း

မေး - သွားမနှုတ်မီ မည်သို့ ကြိုတင်ပြင်ဆင်ထားသင့်ပြီး ဘာတွေကို သတိပြုသင့်သနည်း။

ဖြေ - ပိုးဝင်ရောက်နိုင်ခြေ မြင့်မားသော လူနာများအနေဖြင့် သွားမနှုတ်မီနှင့် နှုတ်ပြီးချိန်များတွင် ပိုးသတ်ဆေး (Antibiotics) ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ကြိုတင်သောက်သုံးထားရန်

လိုအပ်နိုင်ပါသည်။ ထို့အပြင် ဘေးကင်းစိတ်ချစွာ ကုသနိုင်ရန်အတွက် လက်ရှိသောက်သုံးနေသော ဆေးဝါးများ၊ ဖြည့်စွက်အားဆေးများ၊ ဆေးမတည့်သည့် ရာဇဝင်များနှင့် ရောဂါအခံများကို

သွားဆရာဝန်ထံ အပြည့်အစုံ ကြိုတင်အသိပေး ပြောကြားထားရပါမည်။


မေး - သွားနှုတ်ပြီးနောက် သက်သာပျောက်ကင်းရန် မည်မျှကြာမြင့်တတ်သနည်း။

ဖြေ - သွားနှုတ်ပြီးနောက် နေ့စဉ်ပုံမှန် လုပ်ငန်းဆောင်တာများကို ၁ ရက်မှ ၂ ရက်အတွင်း ပြန်လည်လုပ်ဆောင်နိုင်လေ့ရှိပြီး သွားပေါက်နေရာ ဒဏ်ရာအနာလုံးဝ ကျက်သွားရန်မှာမူ

ပုံမှန်အားဖြင့် ၁ ပတ်မှ ၂ ပတ်ခန့် ကြာမြင့်တတ်ပါသည်။

အုံဆုံးသွားနှုတ်ခြင်း

အံဆုံးသွားဆိုတာ ဘာလဲ?

အံဆုံးသွား (Wisdom Tooth) ဆိုသည်မှာ လူသားတို့၏ သဘာဝသွားများအနက် မေးရိုး၏ အတွင်းဘက်အကျဆုံးနေရာတွင် ပေါက်ရောက်လာသည့် တတိယမြောက် အံသွား (Third Molar) ဖြစ်ပါသည်။ ပုံမှန်အားဖြင့် အသက် ၁၇ နှစ်မှ ၂၅ နှစ် (အထူးသဖြင့် ၁၈ နှစ်မှ ၂၀ နှစ်ဝန်းကျင်) တွင် စတင်ထွက်ပေါ်လာလေ့ရှိပါသည်။

လူအများစုတွင် မေးရိုးနေရာမလုံလောက်မှုကြောင့် ဤအံဆုံးသွားများသည် သာမန်အတိုင်း ဖြောင့်တန်းစွာ မပေါက်နိုင်ဘဲ သွားဖုံးအောက် သို့မဟုတ် မေးရိုးအတွင်း၌ စောင်းငဲ့ကာ မြုပ်နေတတ်ပါသည် (Impacted Wisdom Teeth)။ ဤသို့ အံဆုံးသွားမြုပ်နေခြင်းကြောင့် နာကျင်ကိုက်ခဲခြင်း၊ သွားဖုံးရောင်ရမ်းခြင်း၊ ပိုးဝင်ပြည်တည်ခြင်းနှင့် သွားဝါးဆုံမှု မူမမှန်ခြင်းများကို ဖြစ်ပေါ်စေနိုင်ပါသည်။

အချို့သောလူနာများတွင် အံဆုံးသွား အပြည့်အဝပေါက်ထွက်ရန် နေရာလုံလောက်မှုရှိနိုင်သော်လည်း ခံတွင်းအတွင်းဘက် အလွန်ကျသောကြောင့် သန့်ရှင်းရေးပြုလုပ်ရ ခက်ခဲခြင်း၊ သွားပိုးစားလွယ်ခြင်း၊ ဘေးသွားများကို တွန်းတိုက်ပျက်စီးစေခြင်းနှင့် သွားဖုံးရောင်ရမ်းနိုင်ခြေ မြင့်မားခြင်း စသည့် နောက်ဆက်တွဲပြဿနာများကို သွားဆရာဝန်မှ စစ်ဆေးတွေ့ရှိပါက ရေရှည်ဆိုးကျိုးများ မဖြစ်ပေါ်စေရန်အတွက် အဆိုပါအံဆုံးသွားကို ခွဲစိတ်ဖယ်ရှား/နှုတ်ပစ်ရန် အကြံပြုလေ့ရှိပါသည်။

သွားပေါက်မမှန်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရောဂါများ၏ အန္တရာယ်များ

    • ဘေးရှိသွားများတွင် သွားပိုးစားခြင်း ဖြစ်ပေါ်နိုင်ခြင်း။
    • သန့်ရှင်းရေးပြုလုပ်ရန် ခက်ခဲသောနေရာများတွင် ပိုးဝင်ခြင်းကြောင့် သွားဖုံးရောင်ရမ်းခြင်း။
    • သွားဖုံးနှင့် မေးရိုးဆိုင်ရာ အခြားရောဂါများ ဖြစ်ပေါ်နိုင်ခြင်း။

အံဆုံးသွား မပေါက်နိုင်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော လက္ခဏာမျာ

  • သွားကိုက်ခြင်း။
  • ဒုတိယအံသွား၏ အနောက်ဘက်ရှိ သွားဖုံးများ ရောင်ရမ်းခြင်း သို့မဟုတ် နီရဲခြင်း။
  • ပါး သို့မဟုတ် လည်ပင်းနေရာတွင် ရောင်ရမ်းခြင်း။


ကုသမှုလုပ်ငန်းစဉ်

  •  ရောဂါအခြေအနေနှင့် လက္ခဏာများကို စစ်ဆေးအတည်ပြုရန် သွားဆရာဝန်နှင့် တိုင်ပင်ပါ။ လိုအပ်ပါက X-ray ရိုက်၍ ရောဂါအခြေအနေကို စစ်ဆေးနိုင်ပါသည်။ 
  •  မွေးရာပါရောဂါများ၊ ဆေးဝါးဓာတ်မတည့်မှုများ၊ အစားအသောက်ဓာတ်မတည့်မှုများ စသည့် ကျန်းမာရေးမှတ်တမ်းများကို သွားဆရာဝန်မှ မေးမြန်းစစ်ဆေးပါမည်။ 
  •  ခွဲစိတ်ကုသမည့်နေရာကို ပြင်ဆင်ပြီး သွားဆရာဝန်မှ ထုံဆေးထိုးပေးပါမည်။ 
  •  သွားဆရာဝန်မှ လိုအပ်သော ကုသမှု သို့မဟုတ် ခွဲစိတ်မှုကို ပြုလုပ်ပါမည်။ ကုသမှုပြီးဆုံးပါက ဒဏ်ရာနေရာကို ချုပ်ပေးပြီး ခံတွင်းကို သန့်စင်ပေးပါမည်။ 
  •  ခွဲစိတ်ကုသမှုပြီးနောက် လိုအပ်သော စောင့်ရှောက်မှုနှင့် လိုက်နာသင့်သည့် အချက်များကို သွားဆရာဝန်မှ အကြံပြုပေးပါမည်။ 

FAQ : Wisdom Tooth

မေးခွန်း : အံဆုံးသွားကို မနှုတ်ဘဲ ထားလို့ရပါသလား။

အဖြေ : အံဆုံးသွားသည် အချိန်မရွေး ပြဿနာဖြစ်ပေါ်လာနိုင်သောကြောင့် လက္ခဏာမရှိသေးချိန်တွင်ပင် သွားဆရာဝန်နှင့် စစ်ဆေးတိုင်ပင်ပြီး လိုအပ်ပါက နှုတ်ထုတ်ကုသခြင်းကို စဉ်းစားသင့်ပါသည်။

နာကျင်လာမှ နှုတ်ထုတ်ခြင်းထက် စောစီးစွာ စစ်ဆေးကုသခြင်းက ပိုမိုသင့်လျော်နိုင်ပြီး၊ ရောင်ရမ်းခြင်း သို့မဟုတ် အခြားပြဿနာများ ဖြစ်ပေါ်ပြီးနောက် ကုသရပါက ကုသမှု ပိုမိုခက်ခဲနိုင်ပါသည်။

မေးခွန်း : အံဆုံးသွားက သွားဖုံးမှ စတင်ပေါက်လာပါက ဘယ်လိုလက္ခဏာတွေ ဖြစ်နိုင်ပါသလဲ။

အဖြေ : အံဆုံးသွား စတင်ပေါက်လာချိန်တွင် အောက်ပါလက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည်။

  • သွားဖုံးနာကျင်ခြင်း
  • ပိုးဝင်ခြင်းနှင့် ရောင်ရမ်းခြင်း
  • မျက်နှာ သို့မဟုတ် ပါးနေရာ ရောင်ရမ်းခြင်း

မေးခွန်း : ဘယ်လိုအခြေအနေတွေမှာ အံဆုံးသွား နှုတ်ဖို့လိုအပ်ပါသလဲ။

အဖြေ : အောက်ပါအခြေအနေများတွင် အံဆုံးသွား နှုတ်ထုတ်ရန် လိုအပ်နိုင်ပါသည်။

  • အံဆုံးသွားကြောင့် အခြားသွားများ၏ ကိုက်ညီမှုကို ထိခိုက်စေခြင်း။
  • ဝါးစားရာတွင် အသုံးမဝင်သော အံဆုံးသွားဖြစ်ခြင်း သို့မဟုတ် ဆန့်ကျင်ဘက်တွင် ကိုက်ညီမည့် သွားမရှိခြင်း။
  • အံဆုံးသွားတွင် သွားပိုးစားမှု ပြင်းထန်ခြင်း။
  • အံဆုံးသွားကြောင့် သွားဖုံးရောဂါများ ဖြစ်ပေါ်လာနိုင်ခြင်း။
  • အံဆုံးသွားကြောင့် ဘေးရှိသွားများကို ကုသခြင်း သို့မဟုတ် ပြန်လည်ပြုပြင်ခြင်း ခက်ခဲစေခြင်း။

သင်ရဲ့သက်သောင့်သက်သာရှိမှုဟာ ကျွန်ုပ်တို့အတွက် ဦးစားပေးရွေးချယ်မှုပါ။

သင်၏ ပထမဆုံး တိုင်ပင်ဆွေးနွေးမှုမှစ၍ ခွဲစိတ်ကုသပြီးနောက် စောင့်ရှောက်မှုအထိ၊ ခေတ်မီသော ကုသမှုနည်းစနစ်များနှင့် လူနာကို အလေးထားဂရုစိုက်သော ဝန်ဆောင်မှုများဖြင့် ကုသမှုအဆင့်တိုင်းတွင် သင့်အား လမ်းညွှန်ပေးရန် ကျွန်ုပ်တို့ ရှိနေပါသည်။